IMJA ပထမအကြိမ် အလုပ်အမှုဆောင်ကော်မတီ သက်တမ်းအတွင်း ဆောင်ရွက်ချက်များ
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (Independent Myanmar Journalists Association – IMJA) ၏ ပထမအကြိမ် အလုပ်အမှုဆောင်ကော်မတီ သက်တမ်းအတွင်း မြန်မာသတင်းသမားများ၏ ဘေးကင်းလုံခြုံရေး၊ အခွင့်အရေး ကာကွယ်ရေး၊ သတင်းလွတ်လပ်ခွင့် မြှင့်တင်ရေး၊ ပညာရပ်ဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးနှင့် သတင်းသမားများ ရေရှည် ရပ်တည်နိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို အဖွဲ့ဝင်များနှင့် အများပြည်သူ သိရှိနိုင်ရန် အောက်ပါ အတိုင်း တင်ပြအပ်ပါသည်။
ပထမအကြိမ် အလုပ်အမှုဆောင်ကော်မတီ သက်တမ်းအတွင်း IMJA သည် Press Freedom Committee၊ Journalism Development & Advocacy Committee၊ Research & Monitoring Committee၊ Safety and Protecting Committee၊ Finance Committee၊ Communication & Information Committee နှင့် Ethics & Discipline Committee စသည့် လုပ်ငန်း ကော်မတီ ၇ ခု ဖြင့် တာဝန်ခွဲဝေ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကော်မတီများမှတဆင့် ပြည်တွင်း၊ ပြည်ပ နှင့်ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ရှိနေသည့် သတင်းသမား ၅၀၀ ကျော် အတွက် လိုအပ်ချက်အလိုက် အရေးပေါ်ကူညီပံ့ပိုးမှု၊ လုံခြုံရေးဆိုင်ရာ အကူအညီ၊ ဥပဒေရေးရာအကူအညီ၊ နေထိုင်ရေး၊ ဆက်သွယ်ရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် သတင်းသမားအခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။
၁။ သတင်းသမားများအတွက် အရေးပေါ်ကူညီပံ့ပိုးရေးနှင့် လုံခြုံရေး
လုံခြုံရေးအန္တရာယ်များ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ၊ ဖမ်းဆီးတရားစွဲဆိုခံရမှုများနှင့် သတင်းလုပ်ငန်း ဆက်လက် လုပ်ကိုင် ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအတွက် လိုအပ်ချက်အလိုက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ပါသည်။
• လုံခြုံရေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာ နေထိုင်ရသည့် သတင်းသမားမိသားစု ၃၀ ကျော် အတွက် Safe House အကူအညီ ပေးအပ်ခဲ့ပါသည်။
• ဖမ်းဆီး၊ တရားစွဲဆိုခံရသည့် သတင်းသမား ၂၀ ဦး အတွက် ဥပဒေရေးရာအကူအညီ (Legal Support) ပေးအပ် ခဲ့ပါသည်။
• သတင်းလုပ်ငန်းနှင့် ဆက်သွယ်ရေး ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် သတင်းသမား ၆၀ ကျော် ကို ဖုန်းဘေလ်နှင့် Cloud Storage ဆိုင်ရာ အထောက်အပံ့များ ပေးအပ်ခဲ့ပါသည်။
• ထိုင်းနိုင်ငံတွင် နေထိုင်နေသူ ၈၀ ကျော် အတွက် ယာယီနေထိုင်ခွင့်ကတ်နှင့် ကျန်းမာရေးကတ် ရရှိနိုင်ရေး ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။
• အရေးပေါ်အခြေအနေ ကြုံတွေ့နေရသည့် သတင်းသမားများအတွက် လုံခြုံရေး၊ နေထိုင်ရေး၊ အရေးပေါ် အခြေအနေနှင့် လိုအပ်သည့် အကူအညီများ ရရှိနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက် ပေးခဲ့ပါသည်။
၂။ သတင်းပညာရပ်ဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး
သတင်းသမားများ၏ လူ့အခွင့်အရေးဆိုင်ရာ သတင်းတင်ပြနိုင်စွမ်း၊ ပညာရပ်ဆိုင်ရာ အရည်အသွေးနှင့် လက်တွေ့သတင်း ထုတ်လုပ်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် သင်တန်းများ ဆောင်ရွက်ခဲ့ပါသည်။
• Human Rights Sensitive Reporting (HRSR) သင်တန်း ၅ ကြိမ် ကျင်းပခဲ့သည်။
HRSR တွင် သတင်းသမား ၆၀ ကျော် ပါဝင်ခဲ့ပါသည်။
• Gender and Human Rights Violation (GHRV) သင်တန်း ၃ ကြိမ် ကျင်းပခဲ့ပါသည်။
• Documenting Human Rights Violation (DHRV) သင်တန်း ၂ ကြိမ် ကျင်းပခဲ့သည်။
GHRV နှင့် DHRV တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် ပါဝင်ခဲ့သည်။
အဆိုပါ သင်တန်းများအနက် သတင်းသမားများ ပါဝင်သည့် အစီအစဉ်များတွင် သင်တန်းပြီးနောက် လက်တွေ့သတင်းနှင့် ဆောင်းပါးများ ထုတ်လုပ်နိုင်ရေးအတွက် ပါဝင်သည့် သတင်းသမားများအားလုံးကို Story Grant များ ပေးအပ်ခဲ့ပါသည်။
၃။ ပဋိပက္ခဒေသ သတင်းယူရေး၊ ဒီဂျစ်တယ်လုံခြုံရေးနှင့် သတင်းသမားများ၏ ရပ်တည်လုံခြုံရေး
ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ဘေးကင်းလုံခြုံစွာ သတင်းရယူနိုင်ရေး၊ ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာနှင့် လက်တွေ့အသုံးချနိုင်စွမ်း မြှင့်တင်ရေး၊ သတင်းရင်းမြစ်နှင့် အချက်အလက်များ လုံခြုံစွာ ကာကွယ်နိုင်ရေး၊ သတင်းသမား များ၏ ရပ်တည်ရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ဆွေးနွေးအဖြေရှာနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ၈ ကြိမ်ခန့် ကျင်းပခဲ့ပြီး သတင်းသမား ၁၆၀ ကျော် ပါဝင်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများတွင် ပဋိပက္ခဒေသအတွင်း သတင်းယူရာ၌ ကြုံတွေ့နိုင်သည့် အန္တရာယ်များ၊ Digital Security၊ သတင်းရင်းမြစ်နှင့် အချက်အလက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေများတွင် သတင်းသမားများ၏ ဘေးကင်းလုံခြုံရေး နှင့် သတင်းသမားများ ရေရှည်ရပ်တည်နိုင်ရေးဆိုင်ရာ အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ပါသည်။
၄။ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားအခွင့်အရေး ကာကွယ်ရေး
သတင်းသမားများ ဖမ်းဆီးခံရမှု၊ တရားစွဲဆိုခံရမှု၊ ထောင်ဒဏ်ချမှတ်ခံရမှု၊ ခြိမ်းခြောက်ခံရမှု၊ သတ်ဖြတ်ခံရမှုနှင့် သတင်း ရယူခွင့် ကန့်သတ်ပိတ်ပင်ခံရမှုများကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့ပါသည်။
သတင်းသမားများ၏ အခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်ရပ်များနှင့်ပတ်သက်၍ ထုတ်ပြန်ချက်များ၊ တောင်းဆိုချက်များနှင့် အိတ်ဖွင့်ပေးစာများ ထုတ်ပြန်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အချက်အလက်မျှဝေခြင်းနှင့် Advocacy လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
IMJA အနေဖြင့် မည်သည့်အဖွဲ့အစည်း သို့မဟုတ် လက်နက်ကိုင်အဖွဲ့အစည်းကဖြစ်စေ သတင်းသမားများအပေါ် ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် သတင်းလွတ်လပ်ခွင့် ချိုးဖောက်ခြင်းများ ဖြစ်ပေါ်လာပါက သတင်းသမား အခွင့်အရေးနှင့် သတင်းလွတ်လပ်ခွင့် အခြေခံမူများအပေါ် ရပ်တည်၍ လိုအပ်သည့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။
၅။ ကျင့်ဝတ်၊ စည်းကမ်းနှင့် တိုင်ကြားမှုများ ဖြေရှင်းရေး
သတင်းဌာနများနှင့် သတင်းသမားများအကြား ဖြစ်ပေါ်လာသည့် ကျင့်ဝတ်၊ စည်းကမ်း၊ အလုပ်သမားအခွင့်အရေးနှင့် သတင်းပညာရပ်ဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ လက်ခံစိစစ်နိုင်ရေးအတွက် Ethics & Discipline Committee (ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
ပထမအကြိမ် အလုပ်အမှုဆောင်ကော်မတီ သက်တမ်းအတွင်း သတင်းဌာနများနှင့် သတင်းသမားများ၏ ကိစ္စများနှင့် ပတ်သက်၍ IMJA ထံ တိုင်ကြားလာသည့် ကိစ္စ စုစုပေါင်း ၁၂ ခု ရှိခဲ့ပါသည်။
အဆိုပါ တိုင်ကြားမှုများကို သက်ဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်း၊ ပါဝင်ပတ်သက်သူများ၏ ရှင်းလင်းချက်များ ရယူခြင်း၊ သက်ဆိုင်သူများနှင့် ဆက်သွယ်ညှိနှိုင်းခြင်းတို့ ပြုလုပ်ကာ ကျင့်ဝတ်၊ အခွင့်အရေးနှင့် တရားမျှတမှုဆိုင်ရာ အခြေခံမူများနှင့်အညီ စိစစ်ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။
၆။ သုတေသန၊ စောင့်ကြည့်လေ့လာရေးနှင့် စာတမ်းထုတ်ဝေရေး
မြန်မာနိုင်ငံ၏ သတင်းမီဒီယာအခြေအနေ၊ သတင်းသမားများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတို့ကို သုတေသနပြု လေ့လာနိုင်ရေးအတွက် Research & Monitoring Committee မှ သုတေသနနှင့် အကြံပြုစာတမ်း ၂ စောင် ထုတ်ဝေခဲ့ပါသည်။
ယင်းတို့မှာ—
၁။ Voices of Resilience: Myanmar Journalists Navigating Truth in Struggle
၂။ Recommendation on Press Freedom in Myanmar
တို့ ဖြစ်ပါသည်။
အဆိုပါ စာတမ်းများမှတဆင့် မြန်မာသတင်းသမားများ၏ အခြေအနေ၊ မီဒီယာလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများ၊ သတင်း လွတ်လပ်ခွင့်နှင့် သက်ဆိုင်သည့် အခြေအနေများကို လေ့လာမှတ်တမ်းတင်ခြင်းနှင့် လိုအပ်သည့် အကြံပြုချက်များ တင်ပြခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။
ပထမအကြိမ် အလုပ်အမှုဆောင်ကော်မတီ သက်တမ်းတစ်လျှောက် IMJA သည် မြန်မာသတင်းသမားများ၏ ချက်ချင်း လိုအပ်သည့် အရေးပေါ်အကူအညီများကို တုံ့ပြန်ပေးခြင်းနှင့်အတူ သတင်းသမားများ ဘေးကင်းလုံခြုံစွာ ရပ်တည်နိုင်ရေး၊ ပညာရပ်ဆိုင်ရာ စွမ်းရည်တိုးတက်ရေး၊ သတင်းသမားအခွင့်အရေး ကာကွယ်ရေး၊ သတင်းလွတ်လပ်ခွင့် မြှင့်တင်ရေးနှင့် မြန်မာ့မီဒီယာအခြေအနေကို သုတေသနပြု မှတ်တမ်းတင်ရေးတို့ကို ကဏ္ဍစုံမှ ဆောင်ရွက်ခဲ့ပါသည်။
အထက်ဖော်ပြပါ လုပ်ငန်းဆောင်ရွက်ချက်များကို IMJA အဖွဲ့ဝင်များ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး
Independent Myanmar Journalists Association (IMJA)


