ယနေ့ မေလ ၃ ရက်တွင် ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day)တွင် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အလွန်ဆိုးဝါးစွာ ရှိနေသေးကြောင်း မိမိတို့ လွတ်လပ် သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) မှ ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ ယနေ့အထိ ၅ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စာနယ်ဇင်းသတင်းသမားများအား ဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ခဲ့သည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders – RSF) က ထုတ်ပြန်ထားသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းများအရ နိုင်ငံပေါင်း ၁၈၀ တွင် မြန်မာနိုင်ငံသည် အဆင့် ၁၆၆ တွင် ရပ်တည်နေသည်။
သတင်းသမားများ ကာကွယ်ရေးကော်မတီ (Committee to Protect Journalists – CPJ) ၏ ၂၀၂၆ ခုနှစ် အချက် အလက်များအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စာနယ်ဇင်းသတင်းသမားများ ဖမ်းဆီးခံရမှု တတိယအများဆုံး နိုင်ငံဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ အင်တာနက်ကန့်သတ်ထားခြင်းနှင့် သတင်းသမားများအပေါ် လက်ရှိအချိန်အထိ ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်နေခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး အများ ပြည်သူ၏ သတင်း သိပိုင်ခွင့် ကို တားဆီးပိတ်ပင်ထားခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်က အရပ်သားအစိုးရအဖြစ် ဟန်ပြဖွဲ့စည်းပြီးနောက်တွင်လည်း လွတ်လပ်သော သတင်းမီဒီ ယာ ၃ ခုကို လိုင်စင်ပိတ်သိမ်းခြင်းအားဖြင့် သတင်းမီဒီယာဖိနှိပ်မှုကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်တပ်သည် သတင်းသမား ၂၀၀ ဦးကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ယနေ့အချိန်အထိ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် သတင်းသမား ၁၇ ဦး အကျဉ်းကျခံနေရ ဆဲဖြစ်သည်။ ထို့အပြင် အာဏာသိမ်းစစ်တပ်၏ လက်ချက်ဖြင့် သတင်းသမား ၇ ဦး သေဆုံးခဲ့ရသည်။
သတင်းသမားများကို ဖမ်းဆီးခြင်း၊ သတင်းရယူပိုင်ခွင့်ကို နည်းမျိုးစုံနှင့် တားဆီးပိတ်ပင်ခြင်းသည် ပြည်သူတို့၏ နားမျက်စိများကို ပိတ်ပင်သော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်ဖြစ်သည်။
သို့ဖြစ်ပါ၍ မိမိတို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) အနေဖြင့် ယနေ့ကျရောက် သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day)တွင် ဖမ်းဆီးထားသော သတင်းထောက်များ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်။
ထို့အပြင် သတင်းထောက်များ၏ သတင်းရယူပိုင်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်အား အဖွဲ့အစည်းအသီးသီးမှ လေးစားလိုက်နာကြရန်လည်း တိုက်တွန်းတောင်းဆိုအပ်ပါသည်။
ကိုမှူး
ကြာကာလ ကော်မတီအဖွဲ့ဝင်
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး
Phone +66817132516
Signal +66817132516






