\Border News Agency (BNA) မှ အမျိုးသမီးသတင်းထောက် မနီနီဝင်း၏ အမည်၊ ဓာတ်ပုံနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာအချို့တွင် မဟုတ်မမှန် စွပ်စွဲရေးသားမှုများ၊ လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ်သက်ရောက်သည့် ရေးသားဖော်ပြမှုများနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ကို လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) က စိစစ်တွေ့ရှိရသည်။
အထူးသဖြင့် အမျိုးသမီးသတင်းထောက်တစ်ဦး၏ ပရော်ဖက်ရှင်နယ်ရပ်တည်မှုနှင့် မသက်ဆိုင်သော လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များ၊ အရှက်ခွဲရေးသားမှုများနှင့် မဟုတ်မမှန် အကြောင်းအရာများကို အသုံးပြု၍ ဂုဏ်သိက္ခာကျဆင်းစေရန် ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် Gender-based Harassment တစ်ရပ်ဖြစ်ပြီး သတင်းထောက်၏ ကိုယ်ရေးကိုယ်တာလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် လွတ်လပ်စွာ သတင်းလုပ်ငန်းဆောင်ရွက်နိုင်ခွင့်ကိုပါ ထိခိုက်စေနိုင်သည့် လုပ်ရပ်ဖြစ်သည်ဟု IMJA က ရှုမြင်သည်။
သတင်းမီဒီယာတစ်ခု၏ သတင်းဖော်ပြမှု သို့မဟုတ် ရပ်တည်ချက်အပေါ် သဘောမတူမှု၊ ဝေဖန်မှုများ ရှိနိုင်သော်လည်း ယင်းကို အကြောင်းပြ၍ သတင်းထောက်တစ်ဦးအား ပုဂ္ဂိုလ်ရေးအရ ပစ်မှတ်ထားခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖြန့်ဝေခြင်း၊ လိင်အခြေပြု စော်ကားတိုက်ခိုက်ခြင်းနှင့် မဟုတ်မမှန် သတင်းအချက်အလက်များဖြင့် ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဆောင်ခြင်းတို့ကို မည်သည့်အခြေအနေတွင်မျှ လက်ခံနိုင်မည် မဟုတ်ပါ။
IMJA အနေဖြင့် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း၊ အာဏာပိုင်အဖွဲ့အစည်း၊ မီဒီယာအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်း သို့မဟုတ် မည်သည့် လူပုဂ္ဂိုလ်က ပြုလုပ်သည်ဖြစ်စေ သတင်းထောက်များအား ခြိမ်းခြောက်ခြင်း၊ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးဆိုင်ရာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းပေါ်တွင် ဖော်ထုတ်ဖြန့်ဝေ၍ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လိင်အခြေပြု စော်ကားတိုက်ခိုက်ခြင်း၊ အမျိုးသမီးသတင်းထောက်များ၏ ဂုဏ်သိက္ခာကို လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များဖြင့် သတင်းထောက်နှင့် သတင်းဌာန အပေါ်ယုံကြည်မှုပျက်ပြားစေရန် ရည်ရွယ်တိုက်ခိုက်ခြင်း တို့ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။
သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် သတင်းထောက်များ၏ လွတ်လပ်စွာ သတင်းရယူ၊ ရေးသား၊ ထုတ်ဖော်ပိုင်ခွင့်နှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှုတို့ကို လေးစားကာ ယင်းကဲ့သို့ ခြိမ်းခြောက်တိုက်ခိုက်မှုများကို ရပ်တန့်စေရေး ထိထိရောက်ရောက် ဆောင်ရွက်ကြရန် IMJA က တိုက်တွန်းတောင်းဆိုသည်။
IMJA အနေဖြင့် သတင်းထောက်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဆက်လက်စောင့်ကြည့်မှတ်တမ်းတင်ကာ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းထောက်များ၏ လုံခြုံရေး ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
Phone +66817132516
Signal +66817132516
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA)





