လွတ်လပ်သော မြန်မာသတင်းသမားများအစည်းအရုံး (Independent Myanmar Journalists Association – IMJA) ၏ အမှုဆောင်ကော်မတီ သက်တမ်းအတွက် ရွေးကောက်ပွဲကို စနစ်တကျ၊ ပွင့်လင်းမြင်သာစွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီ ကို ဖွဲ့စည်းလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။
IMJA အမှုဆောင်ကော်မတီ ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပရန် လျာထားပြီး ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုများ၊ အဖွဲ့ဝင်များအား အသိပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ လိုအပ်သည့် စီမံဆောင်ရွက်မှုများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပါသည်။
၁။ ကိုတေဇာအောင်
၂။ ကိုကျော်
၃။ မတင်တင်ကြူ
၄။ ကိုဇင်မောင်
၅။ ကိုမှူး
ထို့အပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လွတ်လပ်၍ မျှတစွာ စီမံကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် IMJA ၏ လက်ရှိအမှုဆောင်ကော်မတီနှင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ တိုက်ရိုက်လွှမ်းမိုးမှုမှ ကင်းလွတ်သည့် သီးခြားလွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် တစ်ရပ် ဖွဲ့စည်းနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းစဉ်များအပေါ် ကြီးကြပ်ခြင်း၊ မဲပေးမှုနှင့် မဲရေတွက်မှုလုပ်ငန်းစဉ်များကို စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် ရွေးကောက်ပွဲရလဒ်များကို အတည်ပြုထုတ်ပြန်ခြင်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။
သီးခြားလွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပြီးစီးပါက ကော်မရှင်အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ အသေးစိတ်လုပ်ငန်းစဉ်များကို ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။
IMJA အဖွဲ့ဝင်များအားလုံးအနေဖြင့် အဖွဲ့အစည်း၏ ဒီမိုကရေစီဆန်မှု၊ ပွင့်လင်းမြင်သာမှုနှင့် အဖွဲ့ဝင်များ၏ ဆန္ဒကို ကိုယ်စားပြုနိုင်သည့် အမှုဆောင်ကော်မတီတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ပေးကြရန်လည်း တိုက်တွန်းအပ်ပါသည်။

ကြားကာလ အမှုဆောင်ကော်မတီ
လွတ်လပ်သော မြန်မာသတင်းသမားများ အစည်းအရုံး (IMJA)





