ဖားကန့်အခြေစိုက်သတင်းထောက်ဖြစ်သော ကိုတာလင်းမောင် ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက် တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုး ကိုလည်း ဖားကန့်တိုက်နယ် KIA တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက်က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် – KIA အနေဖြင့် သတင်းထောက် (၂) ဦးကို မည်သည့် နေရာတွင် ဖမ်းဆီးထားကြောင်း မိသားစုဝင်များကို အကြောင်းမကြားခဲ့သလို ယနေ့အချိန်အထိ အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။
Red News Agency သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့သည် သတင်းကျင့်ဝတ်နှင့်အညီ သတင်းများကို ရေးသားဖော်ထုတ် တင်ဆက်နေသော သတင်းထောက်များ ဖြစ်ကြသည်။
ယခုကဲ့ သို့ သတင်းထောက် (၂) ဦးကို ဖမ်းဆီးထားပြီး အဆက်အသွယ် ဖြတ်တောက်ထားခြင်းနှင့် ပတ်သက်ပြီး လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး – IMJA က အထူးစိုးရိမ်လျက်ရှိသည်။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA အနေဖြင့် သတင်းလွတ်လပ်ခွင့်ကို အလေးအနက်ထားသော အားဖြင့် ဖမ်းဆီးထားသည့် သတင်းထောက် (၂) ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး – IMJA က တောင်းဆိုအပ်ပါသည်။