မေလ ၃ ရက် တွင်ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ထုတ်ပြန်ကြေညာချက်
ယနေ့ မေလ ၃ ရက်တွင်ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အလွန်ဆိုးဝါးစွာရှိနေသေးကြောင်း မိမိတို့ လွတ်လပ်သောမြန်မာသတင်းစာ ဆရာများ အစည်းအရုံး (IMJA) မှ ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ ယနေ့အထိ ၄ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံသည်ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားများအားဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ခဲ့သည်။
နယ်စည်းမထားသတင်းထောက်များအဖွဲ့ (Reporter Without Border-RSF) ကထုတ်ပြန်ထားသည့် ၂၀၂၅ ခုနစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းများအရ နိုင်ငံပေါင်း ၁၈၀ တွင် မြန်မာနိုင်ငံသည်အဆင့် ၁၆၉ တွင် ရပ်တည်နေသည်။
သတင်းသမားများကာကွယ်ရေးကော်မတီ (Committee to Protect Journalists – CPJ) ၏ ၂၀၂၅ ခုနှစ် အချက် အလက်များအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်စာနယ်ဇင်းသတင်းသမားများဖမ်းဆီးခံရမှု တတိယအများဆုံး နိုင်ငံဖြစ် သည်။
စစ်ကောင်စီ၏အင်တာနက်ကန့်သတ်ထားခြင်းနှင့်သတင်းသမားများအပေါ် လက်ရှိအချိန်အထိ ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ် နေခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ပြီး အများပြည်သူ၏ သတင်းသိပိုင်ခွင့် ကို တားဆီးပိတ်ပင်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်အင်အားပြင်းငလျင်အတွင်း ပြည်သူများသည် စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်ခြင်း၊ နိုင်ငံတကာသတင်းထောက်များကို သတင်းအချက်အလက်များရယူတင်ပြခွင့်မပေးခြင်းများ ကိုပြောင်ပြောင်တင်းတင်းဆောင်ရွက်ခဲ့သည်ကိုလည်း မိမိတို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) အပြင် ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှလည်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိစစ်ကောင်စီသည်သတင်းသမား ၂၀၀ ဦးကျော်ကိုဖမ်းဆီးခဲ့ပြီး၊ ယနေ့အချိန် အထိ နိုင်ငံတဝှမ်းရှိ အကျဥ်းထောင်များတွင် သတင်းသမား ၄၇ ဦးအကျဥ်းကျခံနေရဆဲဖြစ်သည်။ ထို့အပြင် စစ်ကောင်စီ၏ လက်ချက်ဖြင့် သတင်းသမား ၇ ဦးသေဆုံးခဲ့ရသည်။
သတင်းသမားများကိုဖမ်းဆီးခြင်း၊ သတင်းရယူပိုင်ခွင့်ကိုနည်းမျိုးစုံနှင့် တားဆီးပိတ်ပင်ခြင်းသည် ပြည်သူတို့၏ နားမျက်စိ များကို ပိတ်ပင်သော လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်ဖြစ်သည်။
သို့ဖြစ်ပါ၍ မိမိတို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) အနေဖြင့် ယနေ့ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် ဖမ်းဆီးထားသော သတင်းထောက်များ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်တိုက်တွန်း တောင်းဆိုလိုက်သည်။
ထို့အပြင် သတင်းထောက်များ၏သတင်းရယူပိုင်ခွင်နှင့် သတင်းလွတ်လပ်လွတ်ခွင့်အား အဖွဲ့အစည်းအသီးသီးမှ လေးစား လိုက်နာကြရင်လည်း တိုက်တွန်းတောင်းဆိုအပ်သည်။





