လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး
Independent Myanmar Journalists Association_IMJA
ကြေညာချက်အမှတ် – ၆ / ၂၀၂၅
၁၅ ၊ ဒီဇင်ဘာ ၊ ၂၀၂၅ ခုနှစ်
အမျိုးသမီးသတင်းထောက် ဆွတ်ရိန်ပန်(ခ) ဆွမ် ကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းကို ပြင်းထန်စွာကန့်ကွက်ခြင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခြင်း
ကချင်တိုင်းရင်းသူ အမျိုးသမီးသတင်းထောက် ဆွတ်ရိန်ပန်(ခ) ဆွမ်ကို စစ်ကော်မရှင်က ထောင်ဒဏ် (၁၃) နှစ်ချ မှတ်လိုက်ခြင်း နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က ပြင်းထန်စွာ ကန့်ကွက် လိုက်သည်။
သတင်းထောက် ဆွတ်ရိန်ပန် (ခ) ဆွမ် သည် အလွတ်တန်းသတင်းထောက်အဖြစ်လုပ်နေရင်း ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်၊ ည ၉ နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့နေအိမ်တွင် အရပ်ဝတ်စစ်သား ၃ ယောက်၏ အတင်းအဓမ္မ ရိုက်နှက်ဖမ်းဆီးခံခဲ့ ရကြောင်း သိရသည်။
ဖမ်းဆီးပြီးနောက် ရေကြည်အိုင်စစ်ကြောရေးတွင် ရက်ပေါင်း ၂၂ ရက်ကြာသည် အထိ ညှဉ်းပမ်းနှိပ်စက်စစ်ဆေး မေးမြန်းခံခဲ့ရ ကြောင်းလည်း သိရသည်။
ထို့နောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည) တို့ဖြင့် အင်းစိန်အကျဉ်းထောင် တရားရုံးတွင် တရားစွဲခံခဲ့ရပြီး ၂၀၂၅ ခုနှစ် မေလ ၁၆ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – က ဖြင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရသည်။
ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည) ပုဒ်မဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှ ထောင်ဒဏ် (၁၀) နှစ် ထပ်မံအမိန့်ချရပြီး စုစုပေါင်း ထောင်ဒဏ် (၁၃) နှစ် ချမှတ်ခံထားရကြောင်း သိရသည်။
စစ်ကော်မရှင်သည် သတင်းသမားများကို ဖမ်းဆီးပြီးနောက်တွင် အကြမ်းဖက်သတ်ဖြတ်ခြင်း ၊ အကြမ်းဖက်ပုဒ်မ အမျိုးမျိုး တပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လေ့ရှိကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)၏ သုတေသနစာတမ်းပါ အချက်အလက်များအရ စစ်ဆေးတွေ့ရှိရသည်။
စစ်ကော်မရှင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ သတင်းသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ လက်ရှိအချိန်အထိ သတင်းသမား ၃၀ ကျော်ကို အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးထားဆဲဖြစ်သည်။
စစ်ကော်မရှင်အနေဖြင့် သတင်းသမားများကို သတ်ဖြတ်မှုများ ပစ်မှတ်ထား ဖမ်းဆီးမှုများ ချက်ခြင်းရပ်တန့်ပြီး ဖမ်းဆီးထားသော သတင်းသမားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် မိမိတို့လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)က တိုက်တွန်း တောင်းဆိုလိုက်သည်။
မိမိတို့ လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)အနေဖြင့် ယခုကဲ့သို့ သတင်းသမားများအပေါ် နှစ်ရှည် ထောင်ဒဏ်များချမှတ်ခြင်းဖြစ်ရပ်အား ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချပြီး သတင်းမီဒီယာသမားများအပေါ် ကျူးလွန် သည့် ပြစ်မှုတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားရှိမည် ဖြစ်သည်။
ယခုကဲ့သို့ သတင်းသမားများကို ပစ်မှတ်ထားဖမ်းဆီး ၊ သတ်ဖြတ် ၊ ထောင်ချနေသောစစ်ကော်မရှင်ကို ကုလသမဂ္ဂအပါအဝင်
နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူမှုများ ပြုလုပ်ကြရန် မိမိတို့ လွတ်လပ်သောမြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) အနေ့ဖြင့် တိုက်တွန်း တောင်းဆိုလိုက်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
Phone +66817132516
Signal +66817132516
ပြန်ကြားရေးကော်မတီ
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး








