လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး
Independent Myanmar Journalists Association_IMJA
ကြေညာချက်အမှတ် – ၄ / ၂၀၂၄
၂၉ ၊ ဩဂုတ် ၊ ၂၀၂၄ ခုနှစ်
သတင်းထောက်များဖြစ်သော ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့ကို နှစ်ရှည်ထောင်ဒဏ်များချမှတ်မှုကို ပြင်းထန်စွာကန့်ကွက်ခြင်း
Dawei Watch မီဒီယာ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမား နှစ်ဦးဖြစ်သော ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦး တို့ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် ညသန်းခေါင်အချိန်တွင် ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးပြီးနောက် စစ်ကောင်စီက စစ်ခုံရုံးဖြင့် တိတ်တဆိတ် တရားစီရင်ပြီး ကိုမျိုးမြင့်ဦး ကို မေလ ၁၆ ရက်က ထောင် ဒဏ်တစ်သက်တစ်ကျွန်းနှင့် ကိုအောင်ဆန်းဦးကို ဖေဖော်ဝါရီ ၁၅ ရက်က ထောင်ဒဏ် နှစ် ၂ဝ အထိ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
ထောင်ဒဏ်ချမှတ်ရသည့် အကြောင်းအရင်းနှင့် ပုဒ်မအသေးစိတ်များကိုလည်း ထုတ်ပြန်ပြောဆိုခြင်း မရှိသလို မည်သို့သော လုပ်ငန်းစဉ်ဖြင့် တရားစီရင်ခဲ့သည်ကိုလည်း မေးမြန်းခွင့်မရခဲ့ကြောင်း Dawei Watch မီဒီယာက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် သတင်းသမားများကို ဖမ်းဆီးပြီးနောက်တွင် အကြမ်းဖက်ပုဒ်မ အမျိုးမျိုးတပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လေ့ရှိကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ၏ သုတေသနစာတမ်းပါ အချက်အလက်များအရ စစ်ဆေးတွေ့ရှိရသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ သတင်းသမား ၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၁၇၇ ယောက်ကို ဖမ်းဆီးခဲ့သည်။ လက်ရှိအချိန်အထိ သတင်းသမား ၅၃ ယောက်ကို ဖမ်းဆီးထားဆဲဖြစ်သည်။
စစ်ကောင်စီအနေဖြင့် သတင်းသမားများကို သတ်ဖြတ်မှုများ၊ ပစ်မှတ်ထားဖမ်းဆီးမှုများ ချက်ခြင်းရပ်တန့်ပြီး ဖမ်းဆီးထားသော သတင်းသမားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် မိမိတို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) က တိုက်တွန်းတောင်းဆိုလိုက်သည်။
မိမိတို့ လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) အနေဖြင့် ယခုကဲ့သို့ သတင်းသမားများအပေါ် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းဖြစ်ရပ်အား ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီး သတင်းမီဒီယာသမားများအပေါ် ကျူးလွန်သည့် ပြစ်မှုတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားရှိမည်ဖြစ်သည်။
ယခုကဲ့ သတင်းသမားများကို ပစ်မှတ်ထား ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ချနေသော စစ်ကောင်စီ ကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူမှုများ ပြုလုပ်ကြရန် မိမိတို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) တိုက်တွန်းတောင်းဆိုလိုက်သည်။