လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး
Independent Myanmar Journalists Association_IMJA
ကြေညာချက်အမှတ် – ၂ / ၂၀၂၅
၃၀ ၊ ဧပြီ ၊ ၂၀၂၅ ခုနှစ်
မြေလတ်အသံ သတင်းဌာန၏ သတင်းထောက် ကိုသန်းထိုက်မြင့် ကို မတရားဖမ်းဆီး၍ အကြမ်းဖက်ပုဒ်မတပ်ကာ ထောင်ဒဏ် ၅ နှစ်ချမှတ်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း
မြေလတ်အသံသတင်းဌာနက သတင်းထောက်ကို သန်းထိုက်မြင့်ကို စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ ၆ ရက်တွင် မြန်အောင်မြို့နယ် ၊ အင်ပင်မြို့ရှိ ၎င်း၏ နေအိမ်ကို ခေတ္တပြန်လည် နေထိုင်စဥ် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းကို မြန်အောင်အခြေစိုက် ခလရ ၅၁ တပ် စစ်ကြောရေးတွင် ၇ ရက်ခန့် ရိုက်နှက်စစ်ဆေးခဲ့ပြီးနောက် မြန်အောင်မြို့ ရဲစခန်းအချုပ်ကို ပို့ဆောင်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နှင့် စစ်ကောင်စီက တရားစွဲ ဆိုခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဧပြီလ ၃ရက်တွင် ထောင်ဒဏ် ၅ နှစ်မတရားသဖြင့် ချမှတ်ခဲ့ပြီး ဟင်္သာတအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
စစ်ကောင်စီသည် သတင်းသမားများကို ဖမ်းဆီးပြီးနောက်တွင် အကြမ်းဖက်သတ်ဖြတ်ခြင်း ၊ အကြမ်းဖက်ပုဒ်မ အမျိုးမျိုး တပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လေ့ရှိကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)၏ သုတေသနစာတမ်းပါ အချက်အလက်များအရ စစ်ဆေးတွေ့ရှိရသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ သတင်းသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ လက်ရှိအချိန်အထိ သတင်းသမား ၄၇ ဦးကို အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးထားဆဲဖြစ်သည်။
စစ်ကောင်စီအနေဖြင့် သတင်းသမားများကို သတ်ဖြတ်မှုများ ပစ်မှတ်ထား ဖမ်းဆီးမှုများ ချက်ခြင်းရပ်တန့်ပြီး ဖမ်းဆီးထားသော သတင်းသမားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် မိမိတို့လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က တိုက်တွန်း တောင်းဆိုလိုက်သည်။
မိမိတို့ လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) အနေဖြင့် ယခုကဲ့သို့ သတင်းသမားများအပေါ် နှစ်ရှည် ထောင်ဒဏ်များချမှတ်ခြင်းဖြစ်ရပ်အား ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချပြီး သတင်းမီဒီယာသမားများအပေါ် ကျူးလွန် သည့် ပြစ်မှုတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားရှိမည် ဖြစ်သည်။
ယခုကဲ့သို့ သတင်းသမားများကို ပစ်မှတ်ထားဖမ်းဆီး ၊ သတ်ဖြတ် ၊ ထောင်ချနေသောစစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင်
နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူမှုများ ပြုလုပ်ကြရန် မိမိတို့ လွတ်လပ်သောမြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) အနေ့ဖြင့် တိုက်တွန်း တောင်းဆိုလိုက်သည်။





