လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး
Independent Myanmar Journalists Association_IMJA
ကြေညာချက်အမှတ် – ၃ / ၂၀၂၄
၂၃ ၊ ဩဂုတ် ၊ ၂၀၂၄ ခုနှစ်
အလွတ်တန်းသတင်းထောက်များကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပြီး လက်နက်ကိုင်များအဖြစ် ပုံဖော်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း
အလွတ်တန်းသတင်းထောက်များဖြစ်သည့် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူတို့ကို စစ်ကောင်စီတပ်သားများကဩဂုတ်လ ၂၁ ရက်မနက် ၉ နာရီခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာရှိ ကိုထက်မြတ်သူ၏ နေအိမ်ကို ဝင်ရောက် စီးနင်းစဉ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ၎င်းတို့နှစ်ဦးကို လက်နက်ကိုင် များ အဖြစ် စစ်ကောင်စီ၏ လော်ဘီချန်နယ်များတွင် ပုံဖော်ခဲ့ပါသည်။
ဖြစ်စဉ်အမှန်မှာ အလွတ်တန်း သတင်းထောက်ကိုဝင်းထွဋ်ဦးကို စစ်ကောင်စီက ပုဒ်မ၅၀၅(က)ဖြင့် အမှုဖွင့်ထားသောကြောင့် ကျိုက်ထို မြို့နယ်ရှိ အလွတ်တန်းသတင်းထောက်ကို ထက်မြတ်သူ၏ နေအိမ်တွင် လျှို့ဝှက်နေထိုင်ရင်း သတင်းအလုပ်များ လုပ်ကိုင် နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုထက်မြတ်သူသည်လည်း ၂၀၂၁ ခုနှစ် ဆန္ဒပြပွဲများကို သတင်းရယူစဉ်က စစ်ကောင်စီတပ်က ခြေထောက်ကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်သည်။ ၎င်းထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် အလွတ်တန်း သတင်းထောက် အဖြစ် လျှို့ဝှက်စွာလုပ်ကိုင်နေခဲ့သည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် အလွတ်တန်းသတင်းထောက်များဖြစ်ကြသော ကိုဝင်းထွဋ်ဦး၊ ကိုထက်မြတ်သူတို့ နှင့်အတူ နေအိမ်အတွင်းရောက်ရှိနေသည့် ဒေသခံတဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးလည်း သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင်း ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူတို့ကို သတင်းထောက်များမဟုတ်ဘဲ လက်နက်ကိုင်များ သဖွယ်ပုံဖော်ဝါဒဖြန့်လျက်ရှိသည်။
သတင်းသမားများသည် ပြည်သူလူထုထံသို့ သတင်းမှန်၊ အချက်အလက်မှန်များပေးပို့ရသူများဖြစ်သောကြောင့် အဖွဲ့အစည်း အမျိုးမျိုးနှင့် တွေ့ဆုံကြလေ့ရှိသည်။
စစ်ကောင်စီသည် အာဏာသိမ်းဖြစ်စဉ် အစောပိုင်းကာလ လက်နက်ကိုင်တော်လှန်ရေး အားမကောင်းသေးစဉ်ကပင် သတင်းသမားများကို ဖမ်းဆီးရာတွင် လက်နက်နှင့်တကွ ဖမ်းမိသည်ဟု ဝါဒဖြန့်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထို့အပြင် သတင်းသမားများကိုဖမ်းဆီးပြီးနောက်တွင်လည်းအကြမ်းဖက်ပုဒ်မအမျိုးမျိုးတပ်ကာနှစ်ရှည်ထောင်ဒဏ်များချမှတ်လေ့ရှိကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) ၏သုတေသနစာတမ်းပါအချက်အလက်များအရ စစ်ဆေးတွေ့ရှိရသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ သတင်းသမား ၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၁၇၇ ယောက်ကို ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီအနေဖြင့်သတင်းသမားများကိုသတ်ဖြတ်မှုများ၊ပစ်မှတ်ထားဖမ်းဆီးမှုများချက်ခြင်းရပ်တန့်ပြီးဖမ်းဆီးထားသောသတင်းသမားများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးရန်မိမိတို့လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က တိုက်တွန်းတောင်းဆိုလိုက်သည်။
မိမိတို့လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)အနေဖြင့်ယခုကဲ့သို့သတင်းသမားများအပေါ်သတ်ဖြတ်ခြင်းဖြစ်ရပ်အားပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီးသတင်းမီဒီယာသမားများအပေါ်ကျူးလွန်သည့်ပြစ်မှုတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားရှိမည်ဖြစ်သည်။
ယခုကဲ့ သတင်းသမားများကို ပစ်မှတ်ထား ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ချနေသော စစ်ကောင်စီကို နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ထိထိ ရောက်ရောက် ဖိအားပေးကန့်ကွက်ပြီး အရေးယူမှုများ ပြုလုပ်ကြရန် IMJA က တိုက်တွန်းတောင်းဆို လိုက်ပါသည်။