ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီသို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA မှ ပေးပို့သော အိတ်ဖွင့်ပေးစာ
သို့
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ
၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁၆) ရက်က ထုတ်ပြန်ခဲ့သည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြား ချက်အမှတ်၊ (၀၈/၂၀၂၄)၊ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်နှင့် ပတ်သက်ပြီး လွတ်လပ်သော မြန်မာ နိုင်ငံသတင်းစာဆရာများအစည်းအရုံးကအိတ်ဖွင့်ပေးစာပေးပို့လိုက်ပါသည်။
ကရင်နီပြည်အတွင်း သတင်းရယူတင်ဆက်နေသည့် သတင်းထောက်များ၏ ဘေးကင်းရေးနှင့် တာဝန်ယူ တာဝန်ခံမှု ရှိစေရေးအတွက် စည်းမျဉ်းစည်းကမ်းများ လိုအပ်မည်ဟု မူအားဖြင့် လက်ခံနိုင်သော်လည်း ယခု ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များမှာမူ သတင်းသမားများ၏ လုံခြုံမှုနှင့် လွတ်လပ်မှုအတွက် သိသာထင်ရှားစွာ ခြိမ်းခြောက်နေသည်ဟု ယုံကြည်ပါသည်။
ထို့ပြင် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ပုဂ္ဂလိက ညွှန်ကြားချက်ကို သတင်းသမားများ အလေး အနက်ထား လိုက်နာကြရသည့် ကျင့်ဝတ်သဖွယ် လိုရာဆွဲ ရေးသားဖော်ပြခြင်းသည် သတင်းသမားများ အပါ အဝင် ပြည်သူလူထု အကြား အဓိပ္ပါယ် ကောက် လွဲမှားစေနိုင်သည်ဟု ယူဆရပါသည်။
ပထမဦးစွာ အရေးကြီးဆုံး အချက်မှာ ကရင်နီပြည်နယ်နှင့် ပတ်သက်သည့် သတင်းရယူခြင်း မပြုမီ (မဖော်ပြမီ) ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီထံမှ ခွင့်ပြုချက်ရယူရန်အတွက် သတ်မှတ်ချက် သည် သတင်းလွတ်လပ်ခွင့်အပေါ် ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်မှုတစ်ခု ဖြစ်ပါသည်။
အာဏာသိမ်း စစ်အုပ်စု အစဉ်အဆက်က မြန်မာနိုင်ငံ၏ သတင်းမီဒီယာများ သတင်းသမားများကို ယခုကဲ့သို့ပင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ကန့်သတ်ထားသည်နှင့် အလားသဏ္ဍာန်တူပါ သည်။
သတင်းသမားများသည် ပြည်သူလူထု သိရှိရန် လိုအပ်သည့် အမှန်တရားများကို ဖော်ထုတ်ပြီး လက်နက်ကိုင်များ၊ အုပ်ချုပ်ရေးအဖွဲ့များအပါအဝင် အာဏာပြ ထိန်းချုပ်နိုင်သော အဖွဲ့အစည်းအသီးသီး၏ တာဝန်ယူမှု၊ တာဝန်ခံမှု အား စောင့်ကြည့်ရာတွင် အရေးပါသော တာဝန်ကို ထမ်းဆောင်နေကြသူများ ဖြစ်သည်။
သို့ဖြစ်ရာ ညွှန်ကြားချက် အပိုဒ် ၁ မှ အပိုဒ် ၃ အထိကဲ့သို့သော ညွှန်ကြားချက်များသည် သတင်းသမားများ၏ သတင်းအချက်အလက်များ ရယူနိုင်မှု အတွက် အဟန့်အတားဖြစ်ပြီး ယင်းသို့သော အဟန့်အတား မှန်သမျှသည် ဒီမိုကရေစီနှင့် ပွင့်လင်းမြင်သာမှု ဆိုင်ရာ အခြေခံမှုများကို ပျက်ပြားစေနိုင်ပါသည်။
ထို့ပြင် ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ကာလအတွင်း အပိုဒ် ၄ ကဲ့သို့ မြေပြင်တွင် သတင်းရယူနေသည့် သတင်းသမားများကို ယူနီဖောင်းများ ဝတ်ဆင်ရန်၊ သတင်းထောက်များ၏ ကတ်ပြားများကို သိသာ ထင်ရှားစွာ ပြသရန် ညွှန်ကြားချက်များအတွက်လည်း လွတ်လပ်သော မြန်မာနိုင်ငံသတင်းစာဆရာများ အစည်းအရုံးက အလွန်အမင်း စိုးရိမ်မိပါသည်။
သတင်းသမားများကို ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရခြင်းကဲ့သို့ ဆိုးရွားလှသော ပစ်မှတ်ထား အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် အခြေအနေတွင် အဆိုပါ ညွှန်ကြားချက် သည် သတင်းသမားများအပေါ် တိုက်ခိုက်မှုများ ပိုမိုမြင့်တက်စေဖို့သာ ဖြစ်ပေါ်လာနိုင်စေပါသည်။
သတင်းသမားများသည် သတင်းရယူတင်ဆက်ရာတွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လုံခြုံစွာ ဖြင့် တာဝန်ထမ်းဆောင်နိုင်သည့် အခွင့်အရေးကို မဖြစ်မနေရရှိရန် လိုအပ်ပြီး ၎င်းတို့ကို သိသာထင်ရှားစွာ ပစ်မှတ်ဖြစ်စေနိုင်သော ညွှန်ကြားချက်များသည် သတင်းသမားများကို အန္တရာယ်ကြားထဲ တွန်းပို့နေသကဲ့သို့ ဖြစ်စေပါသည်။
အပိုဒ် ၅ နှင့် အပိုဒ် ၆၊ အပိုဒ် ၈ ကဲ့သို့ သတင်းသမားများအနေဖြင့် ညွှန်ကြားချက်ကို ဖောက်ဖျက်သည်ဟု စွပ်စွဲခံရသည့် ကိစ္စမျိုးတွင် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တစ်ဖက်သတ် ဆုံးဖြတ်ချက်ဖြင့် ခေါ်ယူဆွေးနွေးမည်၊ သတင်းရယူခွင့်ကို ပိတ်ပင်မည် စသည့် ပြဋ္ဌာန်းချက်များသည် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး လေးလေးနက်နက် မေးခွန်းထုတ်စရာ ကိစ္စရပ် ဖြစ်နေပါသည်။
လွတ်လပ်သော မြန်မာနိုင်ငံသတင်းစာဆရာများ အစည်းအရုံး အနေဖြင့် သတင်းသမားများသည် ဆင်ဆာ ဖြတ်တောက်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းတို့ကို ကြောက်ရွံစရာ မလိုဘဲ ပြည်သူလူထုကို သတင်းများ ထုတ်ဖော်တင်ပြခွင့်ရှိနေပြီး အမှန်အမှားကို စာဖတ်သူ ပြည်သူလူထုကိုယ်တိုင်က ဆုံးဖြတ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ပါသည်။
ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုကို လက်နက်ကိုင်ဆောင်ထားသော၊ အုပ်ချုပ်ရေး အာဏာရှိသော အဖွဲ့အစည်း များက ထင်သလို ဆုံးဖြတ်သည်ထက် သတင်းမီဒီယာနယ်ပယ်မှ ကျွမ်းကျင်သူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် တိုင်ပင် ညှိနှိုင်းဆွေးနွေးကာ ဖြေရှင်းသင့်ပါသည်။
အထူးသဖြင့် အသိပေးလိုသည်မှာ လွတ်လပ်သော မြန်မာနိုင်ငံသတင်းစာဆရာများ အစည်းအရုံး၏ အဖွဲ့ဝင် သတင်းသမားတစ်ဦးချင်းစီသည် ကျွန်ုပ်တို့၏ သတင်းစာကျင့်ဝတ်၊ ဂုဏ်သိက္ခာဆိုင်ရာ စံနှုန်းများကို အပြည့်အဝ လိုက်နာနေပြီး ပြည်သူလူထုအနေဖြင့် အမှန်တရားကို သိရှိနိုင်ရန်အတွက် အမျိုးမျိုးသော ခြိမ်း ခြောက်မှုများကြားမှ သက်စွန့်ဆံဖျား အားထုတ်ကြိုးပမ်း နေကြခြင်း ဖြစ်သည်။
သို့သော်လည်း ယခုကဲ့ ဒီမိုကရေစီရေးနှင့် ပြည်သူလူထု၏ အခြေခံ အခွင့်အရေး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများကိုယ်တိုင် သတင်းသမားများ၏ အခြေခံအခွင့်အရေးများကို ခြိမ်း ခြောက်သည့် ညွှန်ကြားချက်များ ချမှတ်လာခြင်းသည် သတင်းသမားများအတွက် လွတ်လပ်မျှတစွာ ဖော်ထုတ်တင် ဆက်ရာတွင် ပိုမိုခက်ခဲလာစေမည် ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် ညွှန်ကြားချက်အမှတ် ၊ (၀၈/၂၀၂၄) မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်တွင် ဖော်ပြထား သည့် ပြဋ္ဌာန်းချက်များကို ပြန်လည်စဉ်းစားရန် သို့မဟုတ် ရုတ်သိမ်းရန်နှင့် သတင်းသမားများ၏စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် မီဒီယာ အသိုက်အဝန်း ကိုယ်စားလှယ်များနှင့် အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ကျွန်ုပ်တို့ တိုက်တွန်းလိုပါသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ သည် သတင်းလွတ်လပ်ခွင့် အခြေခံမူများကို လိုက်နာပြီး ကရင်နီပြည် အတွင်းရှိ သတင်းထောက်များ၏ လုံခြုံရေးနှင့် လုံခြုံရေးကို အာမခံချက်ပေးမည့် အဖြေများ ပူးပေါင်း ရှာဖွေ နိုင်မည်ဟုလည်း ကျွန်ုပ်တို့ မျှော်လင့် ပါသည်။
မိတ္တူကို
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ
ကရင်နီပြည်မှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ
သတင်းမီဒီယာများ