လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး
Independent Myanmar Journalists Association_IMJA
ကြေညာချက်အမှတ် – ၈ / ၂၀၂၄
၁၉ ၊ ဒီဇင်ဘာ ၊ ၂၀၂၄ ခုနှစ်
အမျိုးသမီးသတင်းထောက်တဦးနှင့် ၎င်း၏ Partner ဖြစ်သူတို့ကို အကြမ်းဖက်မှုအပေါ် ကန့်ကွက်ရှုတ်ချခြင်းနှင့် ကျူးလွန်သူကို အရေးယူပေးပါရန် တောင်းဆိုခြင်း
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် သတင်းထောက်အဖြစ်လုပ်ကိုင်နေသော မြေလတ်အသံသတင်းဌာန၏ သတင်း ထောက် မငြိမ်းချမ်းစုကြည်နှင့် ၎င်း၏ Partner ဖြစ်သူ Transgender အမျိုးသမီးတဦးတို့ကို ဒီဇင်ဘာ ၁၄ ရက်၊ ည ၉ နာရီတွင် ဝင်းကျော်ဆိုသူ အမျိုးသားက ကိုယ်ထိလက်ရောက် တိုက်ခိုက်အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း ကျူးလွန်ခံရ သည့် ကာယကံရှင်ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်တွင် ဝင်းကျော်ဆိုသူက သတင်းထောက် မငြိမ်းချမ်းစုကြည်နှင့် ၎င်း၏ Partner ဖြစ်သူတို့ အင်တာနက်ဆိုင် အတွင်း အင်တာနက်အသုံးပြုနေစဉ် ပုဂ္ဂိုလ်ရေးပြောဆိုစော်ကားခြင်း၊ သတင်းထောက်အလုပ်နှင့် သတင်းဌာနကို စော်ကား ပြောဆိုခြင်း၊ သတင်းထောက် မငြိမ်းချမ်းစုကြည်၏ Partner ဖြစ်သူကို ကိုယ်ထိလက်ရောက် မျက်နှာကို ထိုးကြိတ်ခြင်း များ ပြုလုပ်ခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားနေစဉ် အဆိုပါအင်တာနက်ဆိုင်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အရာရှိများ ရှိနေသော်လည်း တစုံတရာကြားဝင် ဖြန်ဖြေတားမြစ်ခြင်း မရှိကြောင်း သိရသည်။
ထိုသို့သတင်းထောက်အမျိုးသမီးနှင့် ၎င်း၏ Partner ဖြစ်သူတို့ကို အကြမ်းဖက်ကျူးလွန်မှုလုပ်ရပ်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် အမျိုးသမီးများအပေါ် စော်ကားခြင်းဖြစ်သောကြောင့် ကျွန်ုပ်တို့ လွတ်လပ်သော မြန်မာသတင်းစာဆရာ များအစည်းအရုံး(IMJA)အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အနေဖြင့်လည်း အကြမ်းဖက်မှု ကျူးလွန်ခံရသော သတင်းထောက် မငြိမ်းချမ်းစုကြည်နှင့် ၎င်း၏ Partner ဖြစ်သူတို့၏ လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးရန်နှင့် အကြမ်းဖက်မှု ကျူးလွန်သူ ဝင်းကျော်ဆိုသူအား တရားမျှတစွာ အရေးယူဆောင်ရွက်ပေးပါရန် အလေးအနက် တိုက်တွန်း တောင်းဆို လိုက်ပါသည်။

